Monday, November 24, 2008

ဤခရီး နီးသလား









ဤခရီး နီးသလား


လောကမှာ လူတွေဟာ နေ့စဉ် ခရီးသွားနေကြရတယ်။ လောကရဲ့ ခရီးသွားဧည့်သည်က လူပါပဲ။ လူ့ဘဝခရီးတွေထဲမှာ အကြောင်းအရာမျိုးစုံ ရှိကြပါတယ်။


ဒီခရီးတွေထဲက မိခင်နဲ့ သားတွေ့ဖို့ ခရီးရှည်ကြီးတခုကို ကျမဦးဆောင်ပြီးသွားခဲ့ရဘူးတယ်။ မွန်ပြည်နယ် သထုံမှာနေတဲ့ အသက် ၇၅ နှစ် အမေအိုက သားသမီးဆယ်ယောက်ထဲက လေးယောက်မြောက်သားဖြစ်တဲ့ အမွှာသားကြီးရှိရာ ရခိုင်ပြည်နယ် ဘူးသီးတောင် အကျဉ်းထောင်ကို သွားတွေ့ရတဲ့ ခရီးပါ။

သား ဆိုတဲ့အားနဲ့ အမေအိုက ခရီးကြမ်းကို ကျော်ဖြတ်ခဲ့တယ်။ မိခင်တယောက်ရဲ့ အားမာန်၊ မိခင်တယောက်ရဲ့ ချစ်ခြင်း၊ မိခင်တယောက်ရဲ့ မေတ္တာဇောက အင်အားကြီးမားစွာနဲ့ ခရီးမိုင်အများကြီးကို ကျော်လွှားခဲ့တယ်။


ဒီလိုမေတ္တာခရီးတွေကို ကျမတို့ မြန်မာပြည်သူတွေ အများကြီး သွားနေရဆဲပါ။ မိခင်ရင်ခွင်၊ မိသားစုရင်ခွင်ကနေ ဆွဲထုတ်ပြီး ဝေးလံခေါင်သီလှတဲ့ လူသူအရောက်အပေါက်နည်းတဲ့ အန္တရာယ်များတဲ့ ငှက်ဖျားရှိရာ ဒေသနေရာ အကျဉ်းထောင်တွေဆီ အပို့ခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ စိတ်အာဟာရ၊ ရုပ်အာဟာရ ပေးဖို့သွားနေရတဲ့ မြန်မာပြည်သူတွေရဲ့ ခရီးတွေက သမိုင်းဖြတ်သန်းမှုကြီးပါပဲ။

အမေကြီးက သားကိုတွေ့ချင်ဇောနဲ့ လေယာဉ်လက်မှတ် တင်ရင်ကြာမယ်၊ စစ်တွေအထိ ကားနဲ့ သွားမယ်လို့ အတည်ပြုပါတယ်။ ဒီခရီးက အမေကြီးနဲ့ ကျမ ဘယ်သူမှ ရောက်ဘူးတဲ့ ခရီးမဟုတ်ပါဘူး။ အဲဒီတုန်းက စစ်တွေကားတွကို စော်ဘွားကြီးကုန်းမှာ သွားစီးရတယ်။ တယောက်ကို ကားခ ၆၀၀၀ ကျပ် ပေးရတယ်။ မှတ်မှတ်ရရ ၂၈.၉.၂၀၀၂ ခုကပါ။

ရန်ကုန်ကနေ စစ်တွေကို ဘယ်လောက်ကြာကြာ ကားစီးရမယ်ဆိုတာကို ခန့်မှန်းခြေတောင် ကျမတို့ သိတာမဟုတ်ဘူး။ မေးလဲမမေးရဲဘူး။ ကားသမားက ဘယ်အချိန်ရောက်မလဲမေးရင် သိပ်စိတ်ဆိုးပါတယ်။ တကယ်ကတော့ လမ်းကောင်းမယ် ကားစက်ကောင်းမယ်ဆို ကြောက်စရာမှမလိုပဲ။ တကယ်တမ်းနေ့လည် ၁း၄၅ မှာ ကားထွက်ပြီး ကားဒိုင်နမို မီးမလင်းလို့ ဥသျှစ်ပင် လမ်းခွဲမှာ ညအိပ်ရတယ်။

ဘက်ရဲ-တောင်ကုတ်-မင်းတုန်း လမ်းသုံးခွဆုံတဲ့ နေရာမှာ အိပ်ရတာပါ။ အိပ်ရတော့လည်း ယောက်ျားလေးတွေက ကတ္တရာလမ်းပေါ် ပုဆိုးခင်း အိပ်ကြပြီး ကျမတို့ အမျိုးသမီးတွေက ကားပေါ် ငုတ်တုတ်ငိုက်ရတာ။ ခရီးဆိုတာ ချောမွေ့တာရှိသလို မထင်ထားတဲ့ အခက်အခဲတွေလည်း ရှိတတ်တယ်။ ခရီးက ဘယ်လောက်မှ မရှိသေးဘူး ကျမတို့ တနေကုန်ပြီ။

ရန်ကုန်ကနေ မနက် ၅ နာရီလောက်ကတည်းက ပြည်ကားနဲ့ ဒိုင်နမိုထည့်ပေးလိုက်မယ်ဆိုတဲ့ ကားဂိတ်က အပြောကြောင့် ကားသံကြားတိုင်း ကျမတို့မှာမျှော်ရတာ။ တဖြည်းဖြည်းနဲ့ နေစောင်းတော့ လူတွေလည်း နွမ်းနယ်ကုန်ကြပြီ။

ရန်ကုန်ကလာတဲ့ ဒိုင်နမိုကို မစောင့်တော့ဘူး ဒီအတိုင်းပဲထွက်တော့မယ်လို့ ဆုံးဖြတ်တဲ့ အချိန်က ညနေ ၄း၃၀ ရှိပြီ။ ကျမတို့အားလုံးလည်း ဒိုင်နမိုလာပို့မယ့်ကားကို မျှော်ရတာ လည်ပင်းကို ငွေကွင်းတွေ စွပ်ထားလို့ရတယ်။ ကားစက်နှိုးသံက ကျမတို့အားလုံးအတွက် ရှေ့ခရီးဆက်ဖို့ မျှော်လင့်ချက်မို့ ဝမ်းသာရတယ်။

မင်းတုန်းနယ်ကိုဖြတ်တော့ လမ်းတလျောက် စပါးခင်းစိမ်းစိမ်းတွေကို တွေ့ရတယ်။ ကားအဖြတ် လေတိုးတိုင်း ကောက်သစ်နံ့လေးကို ရှူရှိက်ရင်း သစ်တောတွေ ချောင်းမြောင်းတွေ အနောက်ရိုးမထဲ နေလုံးကြီးဝင်သွားတာကိုငေးရင်း အပန်းဖြေရတယ်။

ဒီလိုငေးလို့မှ မကြာသေးဘူး၊ ညနေ ၆း၃၀ လောက်မှာ ကားဘီးပေါက်တော့ အားလုံးအလန့်တကြားပေါ့။ ကျမနားထဲမှာ တူသံ ခွသံကို မကြားရဲလောက်အောင် ဖြစ်နေပြီ။ ကားဘီးပြန်တပ်ပြီး ကားဆက်ထွက်လာတော့ တောထဲမှာ လူတစုကို တွေ့တယ်။ လူနာတင် ပုခက်ကို ထမ်းလာတဲ့ လူအုပ်စုရဲ့ သောကအပူစီးက ကျမတို့ထက်ပူမှာပဲလို့ သံဝေဂရရင်း စိတ်ကိုလျှော့ချ ထားရတယ်။

ဒီလောက်ဝေးလံနေတဲ့တောထဲက မြို့ပေါ်အထိ သယ်ဆောင်သွားရမယ့်လူတွေရဲ့ ပင်ပန်းမှု၊ လူနာရဲ့ ခံစားနေရတဲ့ ဝေဒနာကို ဝင်ရောက်ခံစားမိတဲ့ ကျမ အသက်ရှုမဝတော့ဘူး။

မကွေးတိုင်းငဖဲမြို့နယ် ပဒန်းကျေးရွာရောက်တော့ ည ၉း၃၀ ရှိပြီ။ ပုသိမ်-မုံရွာလမ်းမကြီးပေါ်က အမ်း-မင်းတုန်း ဆိုတဲ့ လမ်းခွဲ ဆိုင်းဘုတ်ကိုတွေ့ရတယ်။ တနာရီလောက်နားပြီး ည ၁၀း၃၀ မှာ မကွေးတိုင်း အကျော် “အမ်း” ဆိုတဲ့ ရခိုင်ပြည်နယ် အနောက်ရိုးမတောင်ကို စတင်တက်ပါတော့မယ်။ သစ်ပင်တွေကြားက ရိုးမတောင်ကိုတက်တော့ ကားကြီးက ငိုလိုက်တာ ငယ်သံပါရောပဲ။

“အမ်းမြို့မှ ကြိုဆိုပါ၏” ဆိုတဲ့ ဆိုင်းဘုတ်ကို မြင်ရတော့ ပင်လယ်ရေပြင်အထက် အမြင့်ပေ ၃၇၈၃ ပေကိုရောက်နေပါပြီ။ ရုတ်တရက်ဆိုသလို နှင်းလိုမျိုး တိမ်ခိုးတွေ ရိုက်တော့ ရှေ့ကို ဘာမှမမြင်ရတော့ဘူး။ ကားမီးရောင်နဲ့ မြင်ရတဲ့ အရာမှန်သမျှ ဘာမှမသဲကွဲဘူး။

ကားဆရာရဲ့ လက်ထဲမှာ ခရီးသည် ၄၅ ယောက် အသက်ကို အပ်ထားရတယ်။ ကားဆရာ အိပ်ချင်ပြေအောင် ဖွင့်ထားတဲ့ ခွန်သန်းထွန်းနဲ့ မေဆွိတို့ရဲ့ သီချင်းက တရားကျစရာကောင်းလှတယ်။ “ရောင်နီဟာ တချိန်တော့ ဆည်းဆာပဲ” တဲ့။

ကားရဲ့ ဒိုင်နမိုကြောင့် မီးကိုချွေတာနေရတဲ့ အထဲ တောင်တက်ခရီးမှာ တိမ်ခိုးတွေကြောင့် ဘာမှမမြင်ရတော့ ကျမတို့ ခရီးသည်တွေ ကံဆိုတဲ့ အရာပေါ်မှာပဲ ပုံထားရပါတော့တယ်။

ည ၂ နာရီကျော်တောင်တက်ခရီးမှာ ဗွက်ရုန်းနေရပါပြီ။ တိမ်ခိုးတွေ၊ မြူခိုးတွေကို ရှောင်တဲ့ ကားတချို့လည်း လမ်းဘေးစားသောက်ဆိုင်တွေနားမှာ ရပ်နားလို့ အိပ်မောကျနေပြီ။ ကျမတို့ကားကတော့ နှစ်ရက်လောက်ကြာနေတဲ့ အတွက် ရောက်ချင်ဇောများနေပြီမို့ မနားမနေ မောင်းပါတော့တယ်။ တောင်ကိုပတ်တက်နေရတဲ့ ခရီးလမ်းတောင်ဆင်းမှာ ချောက်ထဲပြုတ်ကျတဲ့ ကားရှိတဲ့ နေရာရောက်တော့ ကားကိုစောင့်နေတဲ့ ကားသမားက ကွမ်းယာ၊ ဆေးလိပ်၊ ရေသန့်ဘူးတွေ တောင်းလို့ထားခဲ့ရတယ်။


စိုးရိမ်နေကြတဲ့ အချိန်မှာပဲ ကားရုတ်တရက် ရပ်သွားပါတယ်။ “ဘက်ထရီ ဒေါင်းသွားတာ” လို့ ကားဆရာက ပြောတယ်။ မိုးလင်းမှ တခြားကားနဲ့ ဘက်ထရီနှိုး ပြီး မောင်းမယ်လို့ပြောတဲ့ ကားဆရာစကားကို ကျမတို့အားလုံး သဘောတူကြတယ်။ မျက်စိရှေ့တင် ချောက်ထဲက ကားကိုမြင်ခဲ့ရတာမို့ ရင်တထိတ်ထိတ်နဲ့ အိပ်ဖို့ပဲ ကြိုးစားရပါတော့တယ်။

မိုးလင်းတော့ အလင်းရောင်နဲ့ မြင်ရတဲ့ ကျမတို့နေရာက “ငပြယ်စခန်း” ဆိုတဲ့နေရာလေး။ ကျမတို့ ရောက်နေတဲ့ နေရာက အမြင့်ဆုံးတောင်ဆိုတော့ တိမ်တွေက တောင်ကြားတွေမှာ ပုခက်စီးနေကြတယ်။ ကျမတို့ တောင်အောက်မှာ စိမ်းညို့နေတဲ့ တောင်တန်းပြာပြာတွေ၊ သစ်ပင်တွေကတော့ လတ်ဆတ် စိမ်းစိုလို့။ လွမ်းမောစရာ တောင်ထိပ်ကနေ ကျမတို့အတွက် အစိုးရိမ်ပို ချစ်ခင်ကြတဲ့ သူတွေကို စိတ်ကူးနဲ့ နှုတ်ဆက်လိုက်ရတယ်။ “စစ်အတွင်း ခရီးသည်” လိုစာအုပ်မျိုး တချိန်မှာ ကျမတို့ ခရီးသည်တွေလည်း မှတ်တမ်းတင်ကြလိမ့်မယ်။ အတိတ်ဆိုတာ ရှိလို့ အနာဂတ် ဆိုတာ ရှိတာပဲ။

ကျမတို့ အစားစားဖို့ မျက်နှာသစ်ဖို့ တောထဲမှာ ရှိနိုင်မယ့်နေရာထိ ခြေလျင် လျှောက်ခဲ့ကြတယ်။ တောတောင်ကြားထဲက မြေစိုက်တဲလေးတွေ့ရတော့ မြို့ပြတခုကို မြင်ရသလို သိပ်ကိုကျေနပ်သွားခဲ့တယ်။ ရေကိုတွေ့ရခြင်းက ရေမရှိတာကို ခံစားရတဲ့သူများ နားလည်နိုင်မှာပါ။ တောင်ကမ်းပါးယံ ဘေးမှာ ဝါးစိမ်းတွေခွဲပြီး ခြံခတ်ထားတဲ့ရေတွင်းလေးကို တွေ့ရတယ်။

တွင်းနက်နက်ထကြ ရေကို စက်သီးကြိုးနဲ့ဆွဲ ရေငင်ပြီး အားလုံးခြေလက်ဆေးကြ မျက်နှာသစ်ကြနဲ့ ကမ္ဘာဦးလူသားတွေ မီးကိုတွေ့ရှိတုန်းက ဝမ်းသာမှုမျိုးလောက် ထပ်တူကြနိုင်တယ်။ အေးစက်ပြီး ကြည်လင်အေးမြတဲ့ ရေရဲ့အတွေ့ကြောင့် အိပ်ရေးပျက် နုံးချိမှုတွေ တဒင်္က ပျောက်သွားတယ်။

မြေစိုက်တဲလေးမှာပဲ ခရီးသည်တွေ ထမင်းဆီဆမ်းနဲ့ ကြက်ဥကြော်မှားစားကြတယ်။ ညက ထမင်း မစားရတဲ့အတွက် စားလို့ကောင်းတယ်။ ကားဘက်ထရီနှိုးဖို့ အတက်အဆင်းကား ဘာမှမလာသေးတဲ့အတွက် တဲလေးထဲမှာပဲ ကျမတို့ ကျောဆန့်ကြတယ်။

ဝါးကိုဖောက်ပြီး ခင်းထားတဲ့ ဝါးကြမ်းခင်းနဲ့ ဝါးကပ်မိုးထားတဲ့ တဲလေးထဲမှာ အိပ်ရတဲ့ အရသာကို ခုထိ ကျမမှတ်မိနေတယ်။ နှစ်ညနဲ့ သုံးရက်ငုတ်တုပ်ထိုင်ရတဲ့ ညောင်းညာမှုကို ယူပစ်လိုက်သလိုပဲ။ အမေကြီးကလည်း သားဇောနဲ့မို့ လမ်းခရီး အခက်အခဲကို မညီးညူခဲ့ဘူး။ ဒါပေမယ့် လူကတော့ နုံးနေပြီ။

ကျမတို့ကားကို စစ်တွေကနေ ဂဏန်းသယ်လာတဲ့ကားက ကူညီခဲ့တယ်။ ကျမတို့ နိုင်ငံရဲ့ သယံဇာတကလဲ ပေါမှပေါကိုး။ တောထဲတောင်ထဲက သစ်တောတွေ၊ တောင်ယာ စပါးခင်းတွေ တွေ့ရတယ်။ ချင်းတိုင်းရင်းသူ အမျိုးသမီးလေးတွေ ရင်ခံစည်းထားတဲ့ အဝတ်ကိုဝတ်ပြီး နဖူးနဲ့ သိုင်းသယ်လာတဲ့ ပလိုင်းထဲမှာတော့ စားစရာ သီးနှံ၊ ဓားမ။ ဒီမြင်ကွင်းတွေကို အံ့သြစွာ ကြည့်ရင်းနဲ့ အမ်းမြို့ကို ရောက်ခဲ့တယ်။ အမ်းမြို့က အနောက်ရိုးမရဲ့တောင်ခြေပါ။

အမ်း မှာအသစ်ကျပ်ချွတ် လေယာဉ်ကွင်းကို တွေ့ခဲ့ရတယ်။ လေယာဉ်ကွင်းပဲရှိပြီး လေဆိပ်မရှိသေးဘူး။ ပြေးလမ်းက တကယ်ကို ကြောက်စရာ၊ ရွံ့နဲ့ ကွန်ကရစ် ရောထားတဲ့လမ်းပါ။ အမ်း ကို ရခိုင်ပြည်နယ်ရဲ့ မြို့တော်သစ် သတ်မှတ်ထားတယ်လို့ ပြောကြတယ်။

အမ်းနဲ့ မင်းပြားလမ်းကတော့ အင်မတန် ဆိုးဝါးပါတယ်။ လမ်းတလျှောက်လုံး ဘယ်ကားမှ မတွေ့ရတော့ဘူး။ တောထဲတောင်ထဲ ကားသာ တခုခု ဖြစ်ရင် ငါတို့တော့ ကယ်သူဝေးပြီပေါ့။ လိုရာခရီး မရောက်ခင် သုံးညရှိပြီ ဆိုတော့ အိပ်ရေးမဝတာကြောင့် လမ်းခရီးကြမ်းတာကြောင့် စိတ်ထဲ အားငယ်သလို ဖြစ်မိတယ်။ တောတွေ တောင်တွေ အများကြီး ဖြတ်ရတဲ့ အချိန်မှာ မှောင်မဲလို့။

လူသူအဆက်ပြတ်လို့ မီးနီနီလေးတွေ့ရင်ပဲ အလိုလို အားရှိလာတယ်။ ရွာတွေကို ဖြတ်ရရင်တော့ အတိုင်းထက်အလွန်ပေါ့။ လူဆိုတာ လူမှုဒုက္ခ ဘယ်လောက်ပဲ ခံစားရ ခံစားရ လူ့အသိုင်းအဝိုင်းကိုတော့ ဘယ်တော့မှ ရှောင်မပြေး နိုင်ကြဘူးဆိုတာ ကျမ သဘောပေါက်ခဲ့ရတယ်။ နေရာဆိုတာ လူ့စိတ်ကို ပြောင်းလွဲစေတတ်ပါတယ်။

မနက် ၃း၃၀ မှာ မင်းပြားရောက်တော့ အိမ်တွေ၊ အဆောက်အအုံတွေနဲ့ လူ့အသိုင်းအ၀န်းထဲ ရောက်ပြီလို့ တွေးမိတယ်။ “မင်းပြား”ကနေ “မြောက်ဦး”။ “မြောက်ဦး”ကနေ “ကျောက်တော်”။ “ကျောက် တော်”ကနေ စစ်တွေသွားရာလမ်းမှာ ရခိုင်တို့ရဲ့ “မဟာမြတ်မုနိရုပ်ရှင်တော်မြတ်”ကို ဖူးခွင့်ရခဲ့တယ်။ လမ်း တလျှောက်မှာ သစ်ပင်ကြီးကြီးတွေ မတွေ့ရဘဲ ချောင်းတွေ၊ လယ်ကွင်းတွေ၊ ဓနိတောတွေကိုဘဲ တွေ့ခဲ့ရ တယ်။

စစ်တွေအ၀င်မှာတော့ ရေခပ်တဲ့ အမျိုးသမီးတွေရဲ့ ထူးခြားချက်က လည်ပင်းရှည်ရှည် ရေတ ကောင်းလိုမျိုး ဒန်အိုးတွေနဲ့ ရေခပ်နေတဲ့ မြင်ကွင်းပါပဲ။ ရေပုံးနဲ့ ရေခပ်တဲ့သူတွေ၊ ရေအိုးနဲ့ ရေခပ်တဲ့သူတွေ ကို မြင်နေကြ ကျမအတွက် အထူးအဆန်းပေါ့။ အဲဒီ့ရေတကောင်းဒန်အိုးလေးကို ခေါင်းပေါ်မရွက်ဘဲ ခါး ပေါ်တင်ပြီး ခပ်တယ်။ အဲဒီ့အိုးကို ဘယ်လိုခေါ်လဲမေးတေ့ အိုးခွလို့ ပြောကြတယ်။

စစ်တွေကို ၁-၁၀-၂၀၀၂ နေ့လည် ၁၂ နာရီမှ ရောက်ပါတယ်။ စစ်တွေကားဝင်းကနေ ဘူးသီး တောင်သွားမယ့်သင်္ဘောဆိပ်ကို ကားငှားပြီး သွားရတယ်။ မွန်းတည့်နေရဲ့အပူက အညာအပူထက် သာ တယ်။ ဒါပေမဲ့ အမေအိုရဲ့သားအပူဖြစ်တဲ့ ရင်ထဲကအပူကိုတော့ မှီမယ် မထင်ဘူး။

“ဘူးသီးတောင်”ကို ကျမတို့ ချက်ချင်းဆက်သွားလို့ မရဘူး။ မနက် ၈ နာရီမှ သင်္ဘောစီးရမယ်လို့ ဆိုက်ကားဆရာက ပြောတယ်။ ကျမတို့ တညတာနားဖို့ သင်္ဘောဆိပ်နဲပနိးတဲ့ တည်းခိုခန်းမှာ တညအိပ်ရ တယ်။

မနက်စောစော ကျမတို့ သင်္ဘောဆိပ်ဆင်းခဲ့တယ်။ စစ်တွေကနေ ဘူးသီးတောင်သင်္ဘောက “ဆက်ရေးကျချောင်း”ထဲမှာ။ အင်္ဂလိပ်လက်ထဲက ဖောက်ခဲ့တဲ့ တူးမြောင်းမို့ ရေစူးနက်တယ်။ အတ္တလန်တိတ် သမုဒ္ဒရာကို ဖြတ်ဖို့ ဖြတ်လမ်းဖောက်တဲ့တူးမြောင်းလို့ သင်္ဘောအရာရှိက ပြောတယ်။ ဒီရေဒီတက်ရှိတယ်။ စစ်တွေကနေ ဘူးသီးတောင်ကြား သင်္ဘောဆိပ်တွေက စယား၊ အမြင့်ကျွန်း၊ ငလပြား၊ ရသေ့တောင်၊ စေတီ ပြင်၊ သေတန်ညောင်ချောင်း၊ ဘူးသီးတောင် ဖြစ်ပါတယ်။

သင်္ဘောပေါ်က ကြည့်ရတဲ့မြင်ကွင်းကတော့ တောင်ပူစာတွေ၊ ကျွန်းသောင်တွေ၊ ဓနိတောတွေ၊ လယ်ကွင်းတွေ မြင်ရတယ်။ စစ်တွေက ဆိပ်ကမ်းမြို့ဖြစ်တဲ့အတွက် ရေကြောင်းနဲ့ပတ်သက်တဲ့ ရေယာဉ်မျိုး စုံကို တွေ့မြင်ရတယ်။ မြစ်တလျှောက်လုံး စိမ်းနေပါတယ်။ “မဲစေး”မြစ်ထဲမှာတော့ တံငါလှေတွေ။ တံငါလှေ တွေပေါ်မှာ ဆေးတံသောက်နေတဲ့ ရခိုင်အဘိုးအိုအတော်များများကို တွေ့မြင်ခဲ့ရတယ်။ မိန်းမကြီးတွေလဲ ဆေးတံသောက်တယ်။

ရသေ့တောင်ကိုရောက်တော့ နေ့လည် ၁၁း၄၅ ဖြစ်ပြီ။ ထမင်းစားချိန်အကိုက်ဆိုတော့ ဈေးသည် တွေ သင်္ဘောထဲဆင်းပြီး အလုအယက်ဈေးရောင်းကြတယ်။ နယ်မြေဒေသ ဘယ်လောက်ခြားခြား ၀မ်းစာရှာ ရတာခြင်းနဲ့ ဆိပ်ကမ်းကို အမှီပြုပြီး ဈေးရောင်းရတဲ့ ဈေးသည်ဘ၀ကတော့ အတူတူပါပဲ။ သင်္ဘောဆိပ်ကမ်း ကို ကပ်ဖို့ ကြိုးစားနေတဲ့အချိန်မှာ သင်္ဘောပေါ်ကို ဈေးသည်တွေ သူ့ထက်ငါ အရင်ရောက်ဖို့ ကြိုးစားတဲ့ ကြိုးစားမှုကတော့ အံ့မခန်းပါပဲ။ အသက်နဲ့ရင်းရတဲ့ ၀မ်းစာရှာမှုကို မြင်ရတိုင်း ကျမမှာ စိတ်မသက်မသာဖြစ် ရတယ်။

မြစ်ပြင်ကို စက်ရှိန်နဲ့ ခွဲထွက်လာလို့ ကျန်ခဲ့တဲ့ လှိုင်းဖွေးဖွေးတွေနဲ့အတူ ဇင်ယော်အုပ်ကြီးက သူတို့ ဌာနေကို ပျံသန်းလို့ ကျန်ရစ်ခဲ့ပါတယ်။ သင်္ဘောကွေ့လိုက်တော့ တောင်တန်းတွေရဲ့ဘက်ကို ဇင်ယော်အုပ် ကြီး ပျံသန်းနေတာများ မြစ်ပြင်အထက်မှာ အဖြူစတွေ လှုပ်လှုပ် လှုပ်လှုပ်နဲ့ ကျန်ရစ်ခဲ့ပြီ။ ကျမတို့ခြေရာ တွေလဲ ကျန်ရစ်ခဲ့ပြီ။ ဇင်ယော်တွေသာ စကားပြောတတ်ရင် သင်္ဘောခရီးသည်တချို့ရဲ့ ဘ၀တွေကိုများ မေး မလား။ ဒါမျမဟုတ် ၀မ်းစာရှာတဲ့အခါ သူတို့လိုဘဲ တောင်ပံကို အားပြုပြီး သင်္ဘောရှိရာနောက်ကို လိုက်ရတာ လားလို့ မေးမှာလား မသိဘူး။

ဇင်ယော်တွေကို ကျမကလဲ မေးချင်တယ်။ အုပ်စုဖွဲ့နေနိုင်တဲ့ သူတို့အရည်အချင်းတွေနဲ့ အန္တရာယ်ကိုတွေ့ရင် ဘယ်လိုဖြေရှင်းသလဲဆိုတာပေါ့။ နောက်ပြီး သူတို့ထဲမှာ ဗိုလ်ကျစိုးမိုးမှုရှိသလားဆို တာ။

သင်္ဘောကို အမှီပြုပြီး ၀မ်းစာရှာရတဲ့ ဈေးသည်တွေဘ၀နဲ့ ကောင်းကင်ကနေ သင်္ဘောခရီးသည် တွေကျွေးတဲ့ အစာကို အမှီပြုပြီးနေရတဲ့ ဇင်ယော်တွေရဲ့ဘ၀ ထပ်တူကျတယ်ဆိုရင် သူတို့ ငြင်းမလား။ ဒါပေ မဲ့ သူတို့က လွတ်လပ်တယ်လေ။

ရသေ့တောင် မြစ်မကြီး။ နောက်ထပ်တွေ့ရတဲ့မြစ်တွေက မြစ်လက်တက်တွေ။ ကျမတို့ ဘူးသီး တောင်ဆိပ်ကမ်းရောက်တော့ ညနေ ၆ နာရိတိတိ။ နေလုံးက ဘင်္ဂလားဒေ့ရှ်တောင်တန်းတွေပေါ် မေးတင် နေပြိ။ “ကုလားပန်ဆေးချောင်း”ထဲမှာ တံငါသည်မြေးအဘိုးနှစ်ယောက်က လောင်းလှေပေါ်မှာ ငုတ်တုပ် လေးထိုင်ပြီး ငါးမျှားတန်းချိလို့ ငါးဖမ်းဖို့ ထိုင်စောင့်နေတယ်။ ကျောဗလာနဲ့ အဘိုးအိုက မုတ်ဆိတ်မွှေးတွေ ဖြူဖွေးနေပြီး တကိုယ်လုံ မဲပြောင်လို့။ ဘင်္ဂလားဒေ့ရှ်နွယ်ဖွား မြေအဖိုးနှစ်ယောက် ကျမတို့ ဖြတ်သွားတဲ့ သင်္ဘောစက်ရှိန်ကြောင့် လှိုင်းအအိမှာ တံငါလှေက လူးလူးလိမ့်လိမ့်နဲ့ ကျန်ခဲ့တယ်။ ဒါဟာ သူတို့ဘ၀များ လား။ သူတို့က ငုတ်တုပ် မတုန်မလှုပ်ဘဲ ငြိမ်သက်လို့။

“ဘူးသီးတောင်”ဆိပ်ကမ်းတခုလုံးမှာ ကုလားသီချင်းသံတွေ ဖုံးလွှမ်းနေတယ်။ ကျမတို့က ဆိပ် ကမ်းရှေ့က တည်းခိုခန်းမှာ တည်းရတယ်။ တည်းခိုခန်းက ဟောင်းနွမ်းလို့။ အနံ့အသက်လဲ မကောင်းဘူး။ ဒါ ပေမဲ့ ကျမတို့ မငြီးဘူး။ ခရီးက ကိုယ့်အတွက် မဆုံးသေးဘူးမို့လား။

နောက်နေ့ မနက်မျာ ထောင်ဝင်စာတွေဖို့ ကျမတို့ သက်ဆိုင်ရာကို သွားစုံစမ်းရတယ်။ ဘူးသီး တောင်ထောင်က မြို့အစွန်မှာမို့ ကျမတို့ ကားတဆင့် ထပ်စီးရသေးတယ်။ ဘူးသီးတောင်-မောင်တော ကားလမ်းဘေးကထောင်က ၁၉၉၄ ကမှ စဆောက်တာပါ။

"ဘူးသီးတောင်ထောင်"ရဲ့ ထောင်ဝင်စာမြင်ကွင်းက တခြားမြို့နယ်များနဲ့ မတူပါဘူး။ သိပ်ကို ထူးခြားပါတယ်။ အကျဉ်းသားအများစုကို ရေချိုးခိုင်းတော့ ထောင်ရှေ့မြောင်းထဲမှာ။ မြောင်းထဲမှာ ရေချိုးနေတဲ့ သူတို့ရဲ့ ပိန်လှီနေတဲ့ ခန္ဓာကိုယ်က ကျွဲတွေ မစာမ၀သလို အရေပြားတွေ တမျိုးဖြစ်ပြီး ပိန်လှီလို့။ သူတို့ကို လာတွေ့တဲ့ အမျိုးသမီးတွေ ၀တ်တာက စကပ် အရှည်ကားကားကြီးပါ။ သူတို့လက်ထဲမှာတော့ ဆားနဲ့ ငရုတ်သီး၊ ပွတ်ချွန်းဆေးလိပ် နဲနဲစီ ထုပ်လို့။ သူတို့ နာမည်ခေါ်လို့ ထောင်ဝင်စာ တွေ့တော့မယ်ဆိုတာနဲ့ သူတို့စကပ်တွေ တပြိုင်နက် ချွတ်ရတယ်။ ထောင်ာထဲကို လုံချည်ဝတ်နဲ့ဘဲ ၀င်ရပါတယ်။ သူတို့နာမည်ခေါ်ပြီး မတွေ့ရသေးရင် စကပ်ပြန်ဝတ်။ နာမည်ခေါ်ရင် စကပ် ပြန်ချွတ်နဲ့ သူတို့ကိုကြည့်ပြီး ကျမတို့ စိတ်မကောင်းစွာနဲ့ ဂရုဏာသက်ရတယ်။ သူတို့ လာတွေ့တဲ့ အမှုက လ.၀.က အမှု။ သူတို့တွေ ဘူးသီးတောင်ကနေ စစ်တွေကို မသွားရပါဘူး။ သွားခဲ့ရင် လ.၀.က မှု နဲ့ ဖမ်းလို့ရတယ်လို့ ပြောကြတယ်။

အမေကြီးကတော့ သထုံကနေ သူ့သားအကြိုက်တွေ သယ်လာတာ ခြင်းကြီးနဲ့ အပြည့်။ စကား မတူလို့ မပြောခဲ့ရပေမယ့် အမေကြီးကို တအံ့တသြနဲ့ ကြည့်လို့။ ဒီလို အသက်အရွယ် ဒီလောက်ပစ္စည်းတွေ သယ်နိုင်တယ။် ပေးနိုင်တယ်ဆိုတဲ့ အားကျအကြည့်လဲ ပါတယ်။ ဂရုဏာအကြည့်လဲ ပါတယ်။

ဒီပစ္စည်းတွေကို အကုန်ပေးရအောင် အတော်ပြောယူရတယ်။ ရန်ကုန်ကနေ မနားမနေ ခရီးဆက် လာတဲ့ ကျမတို့ ၇ ရက်မြောက်မှ ထောင်ဝင်စာတွေ့ဆုံခွင့်ရဖို့ စောင့်မျှော်နေရတာ နည်းတဲ့ ပင်ပန်းမှုမှ မဟုတ်ဘဲ။ တော်ရုံ မေတ္တာ၊ တော်ရုံ သတ္တိ၊ တော်ရုံ ဇွဲနဲ့ မရောက်နိုင်တဲ့ ခရီး။ ခွန်အား၊ ငွေကြေးကလဲ ပြည့်စုံ ဦးမှ။ တွေ့ရတဲ့အချိန်ကလဲ မိနစ်အနည်းငယ်ပါ။

အမေကြီးကိုတွေ့တော့ သားက သူကိုယ်တိုင်ဖြတ်သန်းလာခဲ့ရတဲ့ခရီးမို့ “အမေ နောက်မလာနဲ့။ ပင် ပန်းတယ်”လို့ ပြောတယ်။ အမေကြီးက သူ့သားကို မချိတင်ကဲနဲ့ ပြန်ပြောခဲ့တယ်။ “ငါက အမေဟဲ့။ ဘယ် လောက်ဝေးဝေး လိုက်မှာပဲ။ ငါအသက်ရှင်သရွေ့ပေါ့။ နင်သိလား။ သခင်ဇင့်မိန်းမ ဒေါ်ကြည်ကြည်လေ။ အသက် ၈၂ နှစ်မှာ ထောင်က ပြန်လွတ်လာတယ်။ ငါက အစ်မရယ် ဒီအသက်နဲ့ အစ်မ ထောင်ထဲမှာ ဘယ် လိုအသက်ရှင်အောင် နေခဲ့လဲမေးတော့ သူက ပြောတယ်။ “သူတို့က သေအောင် လုပ်တယ်ယ။ ငါက မသေ အောင်နေရတယ်။ နေခြင်းသည် တိုက်ခြင်းတဲ့”။

ကျမတို့ ခရီးတွေ သွားနေရဆဲပါ။ ဒီခရီးတွေထဲမှာ ထောင်ဝင်စာတွေ့နေရတဲ့ မေတ္တာခရီးသည် တွေ အများကြီးပါ။ သူတို့ခရီးတွေ ဘယ်လောက်ဝေးဝေး အသဲနှလုံခြင်းကတော့ နီးကြတယ်။

(စာရေးသူသည် ထိုင်း-မြန်မာနယ်စပ်သို့ မကြာခင်ကမှ ထွက်ပြေးတိမ်းရှောင်လာသူဖြစ်သည်။)


z-shan(MzM)

2 comments:

~PakKaramu~ said...

Pak Karamu reading your blogs

Teuvo Vehkalahti said...

Greetings from Finland. This blog is nice to explore, through other countries, people, culture and nature. Come and you look at pictures Teuvo blog and tell all your friends that they too would look Teuvo photos to your country's flag would rise higher than the blog my flag collection. Thank you Teuvo Vehkalahti Finland